၁၄ – ၁၈ အောက်တိုဘာ၊ ၂၀၂၀ ပြပွဲရက်များတွင် ကြည့်ရှုအားပေးကြပါ။ ပုသိမ်မြို့၊ လူထုအမှတ်သညာပွဲတော်ကျင်းပဖို့ ၂၀၂၀၊ ဖေဖော်ဝါရီလလောက်ကတည်းကစပြီး ပြင်ဆင်ခဲ့ပါတယ်။ လူထုအမှတ်သညာပွဲတော်ဟာ ဓာတ်ပုံအဟောင်းတွေကိုစုဆောင်းပြီး မြို့တစ်မြို့ရဲ့သမိုင်းကို ခင်းကျင်းပြသတာဖြစ်ပါတယ်။ ပုသိမ်မြို့ခံတွေရဲ့ မိသားစုတွေမှာ စုဆောင်းထားတဲ့ဓာတ်ပုံတွေကို ခွင့်တောင်း၊ ကူးယူပြီး လူထုကြားမှာရှိတဲ့သမိုင်းကို ထင်ဟပ်စေဖို့ဖြစ်ပါတယ်။ ဒီလိုစုဆောင်းတဲ့အခါမှာ ပုသိမ်မြို့ခံတွေဖြစ်တဲ့ ကဗျာဆရာ ကိုညီမြင့်၊ ကိုဇော်မင်းထွတ်တို့က ဦးဆောင်ပြီး တစ်အိမ်တက်ဆင်းစုဆောင်းခဲ့ပါတယ်။ ဓာတ်ပုံပေါင်း ၁၃၀၀ ကျော်ထဲက သင့်တော်တဲ့ ဓာတ်ပုံတွေရွေးချယ်ပြီး ပြသတာဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးကူးစက်မှုအခြေအနေကြောင့် အထင်ကရနေရာကြီးတွေမှာ ခင်းကျင်းမပြသနိုင်ဘဲ အွန်လိုင်းပွဲပဲကျင်းပရပါတယ်။ ဒီပြပွဲမှာ ပုသိမ်ထီးနဲ့ သနပ်ခါးမေပွဲတော်၊ ဓာတ်ပုံနဲ့မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ၊ ကဗျာမြို့တော် ကဗျာရွတ်ဖတ်ပွဲ၊ အကျော်အမော်ပုသိမ်သားများနဲ့ ဓာတ်ပုံအဟောင်းရှင်းလင်းပြသပွဲတို့ ပါဝင်ပါတယ်။ ပြသမယ့် အကြောင်းအရာတွေကို ဗွီဒီယိုအခုတစ်ရာကျော် ရိုက်ကူးပြသခြင်းဖြစ်တဲ့အတွက် ဗဟုသုတမြတ်နိုးသူများနဲ့ လူမှုသမိုင်းစိတ်ဝင်စားသူတွေ အားပေးကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။