ပုသိမ်မြို့

နိုင်ငံခြားသားမှတ်တမ်းတို့မှ သိရသမျှ ပုသိမ်ရာဇဝင်

သီဟိုဠ်ခရီးစခန်း ရက်အပိုင်းအခြားကို ၁၉၇၉-ခု ခရီးသွားတို့က ရက်စွဲအတိအကျပေးထားသဖြင့် သိရသည်မှာ သီဟိုဠ်ကောမာလဆိပ်မှ သက္ကရာဇ်၈၄၁-ခု တော်သလင်းလကွယ် ဗုဒ္ဓဟူးနေ့ထွက်ခဲ့ရာ နာဂရာသီတောင်မှ စီးဆင်းသောမြစ်ငယ်ဝသို့ တန်ဆောင်မုန်းလဆန်းတရက် သောကြာနေ့ရောက်၏။ ကုသိမ်သို့ တန်ဆောင်မုန်းလဆန်း ၁၁-ရက် တနင်းလာနေ့ရောက်၏။ ဟံသာဝတီသို့ တန်ဆောင်မုန်းလဆန်း ၁၄-ရက်နေ့ရောက်၏။ ထို့ကြောင့် ပင်လယ်ခရီး ၄၅-ရက်၊ မြစ်ဝမှ ပုသိမ်မြို့သို့ ၁၀-ရက်၊ ကုသိမ်မှ ဟံသာဝတီသို့ ၄-ရက် ခရီးဖြစ်ကြောင်း သိရပါသည်။

          မြန်မာမင်းလက်ထက်က ပုသိမ်တွင် နယ်တစ်ဆယ့်တစ်နယ်စိတ်၍ တစ်စိတ်လျှင် အရာရှိတဦး အုပ်ချုပ်ရ၏။ ၆၀၀ အထိ ရှိမြဲဖြစ်ရာ အင်္ဂလိပ်က ပုသိမ်နယ်ကိုသိမ်းယူလျှင် ထိုလက်နက်ကိုင် နောက်လိုက်အများပင် သူပုန်ယောင်ယောင် ဓားပြရောင်ရောင်ဖြစ်၍လာကြပါသည်။ ပုသိမ်အောက်ပိုင်း၌ နာမည်ကျော်လူဆိုးဗိုလ်မှာ ငတီဝှက်ဖြစ်၏။ ပုသိမ်မြောက်ပိုင်းတွင် သူပုန်ခေါင်းဆောင်ကား ပုသိမ်မြို့ဝန်မင်းကြီး မောင်ငိုဖြစ်၍ မြန်မာမင်းထံမှ အကူအညီနှင့်ပေါင်းသော် လူအင်အားနှစ်သောင်းမျှရှိ၍ ငသိန်းနှင့် မောင်သာဘုံခေါ် အားကိုးရသည့်လက်အောက်ခံဗိုလ်တို့နှင့်ရှိနေပါသည်။ မောင်သာဘုံမှာ ပန်းတနော်မြို့သူကြီးဖြစ်သည်။ ပထမ ငသိန်းတပ်ပျက်၏။ နောက်မောင်သာဘုံကျဆုံး၏။ ပြီးမှ လူ ၁၅၀၀ နှင့် အင်္ဂလိပ်က လေးမျက်နှာကိုတက်၍ဝိုင်းရာ မင်းကြီးတပ်ပြောင်းနှင့်သည်ကို တွေ့ရသည်။ လမ်းမှဖြတ်၍တိုက်ရာ မင်းကြီးမောင်ငို ဒဏ်ရာရ၍ သားနှစ်ယောက်ကို မိလိုက်၏။ မင်းကြီးလည်း နှစ်ရက်ကြာလျှင် သေဆုံးသည်။ အင်္ဂလိပ်အတွက် နောက်ထပ် ရန်စူးရန်ငြှောင့် တစ်ဦးကား ‘ကွင်းကဇင်း’တွင် အခိုင်အမာနေသော မြတ်ထွန်းပင်ဖြစ်ပါသည်။

          တစ်ဆယ့်ခုနစ်ရာစုအတွင်း ကောသ္မိသည် ရခိုင်လက်အောက်ခံဖြစ်ဖူး၏။ တစ်ဆယ့်ခုနစ်ရာစုကစ၍ ပုသိမ်မြစ်ဝ၌ အင်္ဂလိပ်တို့ ရေတပ်စခန်းဖွင့်လို၏။ တစ်ဆယ့်ရှစ်ရာစုအတွင်းဝယ် အင်္ဂလိပ်တို့ ဟိုင်းကြီးကျွန်းတွင်နေလာ၍ ပုသိမ်တွင် အရောင်းစခန်းဖွင့်၏။ ဟိုင်းကြီးကျွန်းနေ အင်္ဂလိပ်အားလုံးကို အလောင်းမင်းတရားကြီးက သတ်စေသဖြင့် ၁၇၅၉-ခု နိုဝင်ဘာလ ၆-ရက်နေ့က အားလုံးသေကြသည်။ ပုသိမ်ကို ၁၈၅၂-ခု ဂျွန်လ ၅-ရက်နေ့တွင် အင်္ဂလိပ်က သိမ်းယူကြောင်း ကျေငြာသည်။

                                                                                          ဒေါက်တာ-သန်းထွန်း